မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခိုးဝင်မှုများ မရှိစေရေး မြန်မာဘက်က လုံခြုံရေးတင်းကျပ်ထားသော်လည်း လှေဖြင့်ခိုးဝင်မှုများ ရှိနေ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခိုးဝင်မှုများ မရှိစေရေး မြန်မာဘက်မှ
လုံခြုံရေးတင်းကျပ်ထားသော်လည်း လှေဖြင့်ခိုးဝင်မှုများ ရှိနေကြောင်းနှင့်
ခိုးဝင်လှေများ နတ်မြစ်အတွင်း နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ အဓိက၀င်ပေါက်ဖြစ်သော
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း ခိုးဝင်ဘင်္ဂါလီလှေတစ်စင်း
နစ်မြုပ်ရာ နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးနေကြောင်း ဇန်န၀ါရီ ၁ ရက်ထုတ် ဘင်္ဂလားဒေ့ရှ် သတင်းစာများတွင် ဖော်ပြခဲ့သည်။
စက်လှေဖြင့် မြန်မာနိုင်ငံအတွင်း ခိုးဝင်လာသူများမှာ တက်ကနက်မြို့နယ်
နော်ယာပါရာ ဒုက္ခသည်စခန်းမှဖြစ်ကြောင်း သိရပြီး ဆယ်ယူရရှိသည့်
အလောင်းများအား အဆိုပါ ဒုက္ခသည်စခန်းရှိ မိသားစုများထံသို့ ဘင်္ဂလားဒေ့ရှ်
အာဏာပိုင်များက လွှဲပြောင်းပေးအပ် လိုက်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ နော်ယာပါရာ ဒုက္ခသည်စခန်းသည် မြန်မာနိုင်ငံ၊
မောင်တောမြို့နယ်မြောက်ပိုင်း ဦးရှည်ကျချောင်းဝ တစ်ဖက်တွင် တည်ရှိပြီး
အလွယ်တကူ ၀င်ရောက်နိုင်သည့်နေရာ ဖြစ်သည့်အပြင် ယင်းဒုက္ခသည်စခန်း၏တောင်ဘက်
စာဏီမူရတစ်ဝိုက်တွင် ဓားပြများ ခိုအောင်နေထိုင်လျက်ရှိပြီး
အခါသင့်လျှင်သင့်သလို မောင်တောဘက်သို့ခိုးဝင်ကာ ဓားပြတိုက်မှုများ
ကျူးလွန်နေကြောင်း သိရသည်။
လွန်ခဲ့သော ဒီဇင်ဘာ ၃၀ ရက်ကလည်း
ဘင်္ဂလာဒေ့ရှ်မှ လူ ၁၈ ဦးတင်ဆောင်၍ မြန်မာဘက်သို့ တရားမ၀င် ခိုးကူးသည့်
လှေတစ်စင်း နတ်မြစ်အတွင်းနစ်မြုပ်ရာ ကိုးဦးကို အနီးအနားရှိ လှေများက
ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်ကိုးဦးမှာ ပျောက်ဆုံးသွားခဲ့ကြောင်း၊ လှေမှာ
မြန်မာရေပိုင်နက်ဘက်သို့ရောက်မှ နစ်သွားခြင်းဖြစ်ကြောင်း တက်ကနက်အခြေစိုက်
အမှတ်(၄၂)ဘီဂျီဘီ တပ်ရင်းမှူး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးဆူပူမှုများ ပိုမိုကြီးထွားလာနေပြီး
မြန်မာနိုင်ငံတွင်လည်း မကြာသောအချိန်တွင် သန်းခေါင်စာရင်း ကောက်ရန်ရှိနေရာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီအများစု ပြန်ဝင်လာနိုင်ခြေရှိကြောင်း
ဒေသခံများက ပြောဆိုကြသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏
အနောက်ဘက် နယ်စပ်အား လုံခြုံရေးကို ယခင်အတိုင်း တင်းကျပ်စွာ
ဆောင်ရွက်ထားပြီး ကင်းစခန်းများ၊ မြို့ဝင်ဂိတ်များတွင် စစ်ဆေးမှုများ
ပြုလုပ်နေကြောင်း မောင်တောခရိုင်ရဲမှူးက ပြောကြားသည်။
(မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း သွားလာနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ၏ လှေတစ်စင်းအား တွေ့ရစဉ်)
No comments:
Post a Comment