Apple ၏ ပထမဦးဆုံး တရားဝင် အရောင်းဆိုင်ဖြစ်သည့် mDrive စတိုး စက်တင်ဘာ ၂၈ ရက်တွင် ဖွင့်လှစ်မည်
======================================
မြန်မာနိုင်ငံတွင် Apple ၏ ပထမဦးဆုံး တရားဝင် Authorized Reseller
ဖြစ်သည့် mDrive အရောင်းဆိုင်ကို စက်တင်ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း
mDrive ပိုင်ရှင် ဦးမြတ်ထူး၏ ပြောကြားချက်အရ သတင်းရရှိသည်။
အဆိုပါဆိုင်ကို Junction Mawtin ပထမထပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး Apple
Authorized Reseller စနစ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကာ Apple မှ တရားဝင်
ခွင့်ပြုထားသော ဆိုင်ခန်းဒီဇိုင်း အပြင်အဆင်များဖြင့် ခင်းကျင်းရောင်းချမည်
ဖြစ်ကြောင်း သိရသည်။
Apple သည်
၎င်း၏ ပစ္စည်းများ ရောင်းချရာတွင် Apple မှ ကိုယ်တိုင် တိုက်ရိုက်ရောင်းချသည့်
Apple Official Store အပြင် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် Apple
Authorized Reseller(AAR)၊ Apple Premium Reseller (APR) များ ခန့်အပ်
ရောင်းချခြင်းဖြစ်သည်။ Apple Official Store များကို အာရှဒေသတွင် တိုကျို၊
ဘေဂျင်း၊ ဟောင်ကောင်မြို့များတွင် ဖွင့်လှစ်ထားပြီး အရှေ့တောင်အာရှ
နိုင်ငံများတွင် AAR နှင့် APR အရောင်းဆိုင်များသာရှိကာ
ယခုမြန်မာနိုင်ငံတွင် AAR စနစ်ဖြင့် ပထမဦးဆုံး တရားဝင် အရောင်းဆိုင်
ဖွင့်လှစ်မည်ဖြစ်သည်။
Apple သည် မြန်မာနိုင်ငံတွင် APR စနစ်ဖြင့်
တရားဝင် အရောင်းဆိုင် ဖွင့်လှစ်ခွင့် မပေးသေးဘဲ AAR စနစ်ဖြင့်သာ
အရောင်းကိုယ်စားလှယ် ပေးအပ်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် AAR
စနစ်ဖြင့် ပထမဦးဆုံး ဖွင့်လှစ်မည့် အရောင်းဆိုင်တွင် Apple မှ
တိုက်ရိုက်ပေးပို့သော ကုန်ပစ္စည်းများကိုသာ ရောင်းချမည်ဖြစ်ပြီး
ကုန်ပစ္စည်းများနှင့် ဆက်စပ်သည့် လေ့ကျင့်သင်ကြားမှု ဆိုင်ရာများကိုလည်း
ပြုလုပ်ပေးသွားမည်ဟု သိရသည်။ mDrive တွင် iPhone နှင့် iPad မှလွဲ၍ ကျန်
Apple ကုန်ပစ္စည်းများကို စတင်ရောင်းချ သွားမည်ဖြစ်သည်။ Apple တွင် Mac Team
နှင့် iPhone Team ဟူ၍ လိုင်းနှစ်လိုင်း ခွဲထားပြီး
လက်ရှိမြန်မာနိုင်ငံတွင် iPhone တရားဝင် ရောင်းချရန်အတွက် iPhone Team မှ
လေ့လာမှုများ ပြုလုပ်နေပြီးနောက် ခွင့်ပြုချက်ရရှိသည်နှင့် iPhone နှင့်
iPad များကိုပါ ရောင်းချသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
ထို့ပြင် mDrive သည် iTune Gift Card များကို ရောင်းချပေးသွားမည်ဖြစ်ပြီး
အသုံးပြုပုံ၊ Credit Card မလိုဘဲ App Store မှ Application ရယူပုံနှင့် App
Store Account ဖွင့်နည်းတို့ကို အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် ရောင်းချနေသော Apple
ကုန်ပစ္စည်းများကို စင်ကာပူ၊ ထိုင်းကဲ့သို့ နိုင်ငံများတစ်ဆင့်
မှောင်ခိုစနစ်ဖြင့် တင်သွင်းနေကြခြင်းဖြစ်ပြီး ယခုမြန်မာနိုင်ငံတွင် Apple ၏
တရားဝင် AAR အရောင်းဆိုင်တစ်ဆိုင် စတင်ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။
Credit > Eleven Media
No comments:
Post a Comment